အကြောင်းကြောင်းကြောင့် တရားရုံးရောက်သွားရင် သတိထားရမဲ့ ကျောက်စရာအကောင်းဆုံးလူတစ်မျိုးရှိပါတယ်။ အမှုပွဲစားပါ။ အမှုပွဲစားဆိုတာ အိမ်ပွဲစား၊ ကားပွဲစားတွေလိုမျိုး ကျွန်တော်အမှုပွဲစားပါဆိုပြီးပေါ်ပေါ်တင်တင် ကြော်ငြာနေတဲ့လူစားမျိုးမဟုတ်ပါဘူး။ သူတို့ကိုယ်သူတို့အမှုပွဲစား ရယ်လို့လည်း ဘယ်တော့မှမပြောဘူး။ အမှုရင်ဆိုင်ရလို့ဒုက္ခရောက်နေတဲ့ သူတွေအပေါ်မှာ အကြောင်းအမျိုးမျိုးပြလို့ လိမ်လည်လှည့်ဖျားလုပ်စားနေသူတွေဖြစ်တဲ့အတွက် သူတို့ကိုအမှုပွဲစားလို့ခေါ်တာ ဖြစ်ပါတယ်။ သူတို့ကရပ်ကွက်ထဲမှာ ရုံးပြင်ကနား ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ရင်းနီးသူ၊ ပေါက်ပေါက်ရောက်ရောက်ရှိသူ စသည်ဖြင့် ရပ်ကွက်ထဲက လူတွေ အထင်ရောက်အောင်နေလေ့ရှိတယ်။ ဘယ်သူဘယ်ကိစ္စဖြစ်တုန်းက ငါဘယ်လူကြီးကို ဘယ်လိုလိုက်ပြောလိုက်တာ အဆင်ပြေသွားတယ်။ ဘယ်သူတရားစွဲခံရတုန်းက ငါလိုက်ပြောပေးလိုက်လို့ ထောင်မကျလိုက်ဘူး စသည်ဖြင့် လူထူထူရှိရင် ရှောက်ပြောနေတတ်တယ်။ အဲလိုအမှုပွဲစားတွေဟာ များသောအားဖြင့် အကျင့်စာရိတ္တကြောင့် လိုင်စင်ပြုတ်သွားတဲ့ရှေ့နေတွေ၊ ရဲထဲကနေပြုတ်လာတဲ့သူတွေ၊ ဟိုပါတီယောင်ယောင် ဒီပါတီယောင်ယောင် နေရာတကာပါလေရာလုပ်နေတဲ့သူတွေ များပါတယ်။
သူတို့တွေက အရပ်ထဲမှာ ရုံးပြင်ကနား အဆက်အစပ်ရှိလေတော့ အမှုတစ်ခုခုဖြစ်လာရင် အရပ်ထဲကသူတွေက သူတို့ဆီသွားကြတာများတယ်။ ဒီအခါမှာ ကိုရွှေအမှုပွဲစားတွေက ဘယ်တရားသူကြီးကတော့ဖြင် ဘယ်လောက်ပေးမှ ရတယ်။ ဒါပေမဲ့ သူနဲ့ရင်းနီးတဲ့အတွက် သူပြောပေးရင် ဘယ်လောက်နဲ့ရမယ်။ စာရေးကို ဘယ်လောက်ပေးရမယ်။ အဲဒါမှအဆင်ပြေလိမ့်မယ်။ ဘယ်သူ့တုန်းကဆိုရင် မပေးနိုင်လို့ ထောင်ဘယ်လောက်ချပစ်လိုက်တယ်။ ဘယ်သူကျတော့ ပေးနိုင်လို့ ကွင်းလုံးကျွတ်လွတ်သွားတာ စသည်ဖြင် အမှုသည်ကို စည်းရုံးသိမ်းသွင်းမယ်။ အမှုသည်က တရားသူကြီးကိုပေးဖို့ သဘောတူသွားရင် ခင်ဗျားသွားပေးရင်ယူမှာမဟုတ်ဘူး။ ကျွန်တော့ကိုပေးလိုက် ကျွန်တော်ကနေတင့်ပေးပေးမယ်ဆိုပြီး အမှုသည်ဆီက ငွေကိုယူထားပါတယ်။..... နောက်တော့ တရားသူကြီးဆီကိုသွားတယ် ဘယ်အမှုက ကျွန်တော်နဲ့ ဘယ်လိုပက်သက်တယ်။ ဆောင်ရွက်ပေးပါလို့သွားပြောတယ်။ ဒီနေရာမှာတစ်ခုဖြည့်ပြောချင်တာက တရားသူကြီးတွေဟာ အမှုပွဲစားတွေကိုအလွန်အမြင်ကတ်ပါတယ်။အမှုပွဲစားတွေဘာလုပ်နေလဲဆိုတာလဲ သိကြပါတယ်။ ဒါပေမဲ့ တရားသူကြီးဆိုတာမျိုးဟာ တစ်လကို ၆ သောင်းလောက်ကနေ တစ်သိန်းလောက်ပဲရတဲ့လခ။ လစဉ်ပေးရတဲ့ခွဲတန်း။ အမြဲလိုလိုကုန်ကျနေရတဲ့ လူကြီးဧည့်ခံစရိတ်။ တနေ့တခြားကြီးမြင့်လာရတဲ့ ကုန်ဈေးနှုံးဆိုတာတွေကြောင့် လာဘ်ပေးလာဘ်ယူဆိုတာတွေနဲ့ မကင်းကြပါဘူး။ တရားသူကြီးတွေ ဘယ်လိုမကင်းတယ်ဆိုတာ အမှုပွဲစားက တော်တော်များများသိထားတယ်။ ဘယ်အမှုမှာ ဘယ်သူက တရားသူကြီးကို ဘယ်လောက်ပေးထားတယ် ဆိုတာမျိုးကအစသိထားတယ်။ အမှုပွဲစားဆိုတာမျိုးက သူတို့နဲ့ တရားသူကြီးနဲ့ အဆင်မပြေရင်၊ မပြေတဲ့တရားသူကြီးဘာလုပ်တယ်ဆိုတာမျိုးကို စောင့်ကြည့်ပြီး တိုင်စရာအကြောင်းပေါ်လာတာနဲ့ ဟုတ်တာကော မဟုတ်တာကော လုံးပြီး တိုင်ကြတယ်။ အတိုင်ခံရရင် ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ တရားသူကြီးတွေ အစစ်ဆေးခံရတယ်။ နောက် ရာထူးချတာတို့ ၊ အလုပ်ဖြုတ်တာတို့စတဲ့ အရေးယူမှုတွေလည်းလုပ်တယ်။ အနည်းဆုံးတော့ နယ်ပြောင်းပြစ်ကြတယ်။ အဲဒါကြောင့် တရားသူကြီးတော်တော်များများဟာလည်း အမှုပွဲစားတွေကို မချစ်သော်လည်းအောင့်ခါနမ်းဆိုသလို သူတို့နဲ့အဆင်ပြေအောင်နေကြတာများတယ်။ အကျိုးဆက်ကတော့ ဘာဖြစ်လာသလဲဆိုရင် အမှုသည်ကပိုက်ဆံပေးလိုက်တယ် အမှုပွဲစားက တရားသူကြီးကို ပေးမယ်ဆိုပြီးသူယူထားလိုက်တယ်။ တရားသူကြီး ကိုတော့ ယဉ်ယဉ်ကျေးကျေးလေးခြိမ်းခြောက်ပြီး သူဖြစ်ချင်တာအလုပ်ခိုင်းတယ်။ တရားသူကြီးကဥပဒေအရ လုပ်ခွင့်သာလို့ဆောင်ရွက်ပေးရင် တွေ့လားပေးလို့နိုင်သွားတာဆိုပြီးအမှုသည်ကိုပြောတယ်။ အမှုသည်ကလည်း သူ့အမှုအဆင်ပြေတာ တရားသူကြီး ကိုငွေပေးလို့ လို့ထင်သွားတယ်။ အရပ်ထပ်မှာလည်း ငါတော့အမှုဖြစ်တာ ဘယ်လောက်တောင် ကုန်သွားပြီဆိုပြီး ပြောတော့တာပဲ။ ဥပဒေအရ လုပ်ခွင့်မသာလို့ တရားသူကြီးက မဆောင်ရွက်ပေးရင် ငွေယူထားပြီး မလုပ်ပေးဘူး ဒီတရားသူကြီး မကောင်းဘူး တိုင်ရမယ်ဆိုပြီး တရားသူကြီးကို အမှုပွဲစားက တိုင်ပါလေရော ........ နောက်ပြီးအမှုပွဲစားတွေလုပ်တာရှိသေးတယ် ရှေ့နေတွေအတွက် အမှုသည်ခေါ်ပေးတာ။ တချို့ရှေ့နေတွေဟာ အမှုပွဲစားတွေကနေတဆင့် အမှုတစ်ခုခုရရင် မိမိရတဲ့ရှေ့နေခထဲကနေ အမှုပွဲစားကို ၂၀%၊ ၃၀% စသည်ဖြင့် ပေးလေ့ရှိတယ်။ များသောအားဖြင့် ဥပဒေမကျွမ်းကျင်တဲ့ ရှေ့နေတွေက အဲလိုလုပ်တာများတယ်။ အမှုပွဲစားက သူရမဲ့ ရာခိုင်နှုံးကြည့်ပြီး ဘယ်ရှေ့နေကြီးကတော့ဖြင့် ဘယ်လိုတော်တာ။ သူလိုက်တဲ့အမှုတစ်မှုမှမရှုံးဖူးသေးဘူး။ ကျွန်တော်ဆက်သွယ်ပေးမယ်။ စသည်ဖြင့် အမှုသည်ကိုယုံအောင်ပြောလို့ ရှေ့နေနဲ့ ဆက်စပ်ပေးပြီး သူရဲမဲ့ရာခိုင်နှုံးကိုယူသွားတယ်။ တကယ်လည်းအမှုဖြစ်ကော ရှေ့နေက မကျွမ်းကျင်၊ ဥပဒေလည်းမသိ၊ အမှုသည်ဆီကသာ အကြောင်းအမျိုးမျိုးပြ ပိုက်ဆံတောင်း၊ နောက်ဆုံးအမှုလည်းရှုံးရော တရားသူကြီးမတရားဆုံးဖြတ်ပါတယ်ဖြစ်လေရော ....... တကယ်နစ်တာတာကအမှုသည်ပါ။ ငွေကုန်လူပန်းပေါ့။ ...... ကျွန်တော်အထက်ကပြောခဲ့တဲ့အမှုပွဲစားဆိုတဲ့သူတွေဟာ စားရမဲ့သောက်ရမဲ့ အနုတ်စုတ်ဂုတ်စုတ်တွေလို့ မထင်လိုက်နဲ့နော် ......... ထီးဖြူဖိနပ်ပါး၊ ရုံးတကာခြေလျှင်လျှောက် လုပ်စားနေတဲ့သူတွေကနေစပြီးတော့ .... သိန်း ရာပေါင်းများစွာပေးရတဲ့ ကားကြီးတွေစီးနေတဲ့သူတွေအထိပါတယ်။ သိန်း၅၀ ၊ ၆၀ လောက်တန်တဲ့ ဂေါက်စက်တွေနဲ့ အမြဲလိုဂေါက်ရိုက်နေကျလူတွေလည်းရှိတယ်။ ... ပညာအရည်အချင်းအားဖြင့် ၇ တန်းတောင်မအောင်တဲ့သူကနေပြီး ဆရာဝန်၊ အင်ဂျင်နီယာ ၊ ပါရဂူဘွဲ့ရတဲ့သူတွေအထိပါပါတယ်။ ....... ပြောချင်တာတော့ သတိရှိကြပါ။ ........
No comments:
Post a Comment
Note: Only a member of this blog may post a comment.