ဇေယျာတင့်ညိုရေးတဲ့ ပေါ်ပြူလာကဆောင်းပါးလေးဖြစ်ပါတယ်။ ........ တရားစီရင်ရေးမဏ္ဍိုင်အကြောင်း နဲ့တရားစီရင်ရေးဆိုတာ ပြင်ပစွက်ဖက်မှုများမျှကင်းရှင်းသင့်ကြောင်း အများနားလည်လွယ်အောင်ရှင်းပြ ထားတဲ့ ဆောင်းပါးပါ။ လူတိုင်းဖတ်ရှုသင့်တဲ့ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။
---------------------------------------------------------------------------------------
----------------------------------------------------------------------------------------
ဥပဒေ ကျောင်းသားဘဝက လေ့လာဖတ်ရှု မှတ်သား
နှစ်သက်ခဲ့ဖူးပါသည်။ ကမ္ဘာပေါ်တွင် မည်သူမျှ မစွက်ဖက်သင့်သော လူပုဂ္ဂိုလ် (၃)မျိုးရှိသည်။
(၁) သမိုင်းရေးဆရာ၊ (၂) တရားသူကြီးနှင့် (၃) ဘောလုံးပွဲ ဒိုင်လူကြီးတို့ ဖြစ်ပါသည်။
မှတ်မိသမျှ ၂ဝဝ၆ ခုနှစ်၊ ဂျာမနီ ကမ္ဘာ့ဖလား ဘောလုံးပွဲ တွင်အင်္ဂလန်မှ ဒိုင်လူကြီး”ဂရေဟမ်ပူး” သည် သူကိုင်တွယ်သော ဘောလုံးပွဲတစ်ပွဲ၌ ဘောလုံးသမား တစ်ဦးအား ပထမတစ်ကြိမ် အဝါကတ်ပြ၏။ ဘောလုံးပွဲဆက်ကန် ပါ၏။ ထို့နောက် ထိုဘောလုံးသမားအား ဒုတိယအကြိမ် အဝါထပ်ပြ၏။ ထိုအချိန်တွင် ထိုဘောလုံးသမား နှင့် မှတ်တမ်းဒိုင်အဖွဲ့များ၊ ပွဲကြည့်ပရိသတ်များက နှစ်ဝါတစ်နီပြ၍ ဘောလုံးပွဲအတွင်းမှထုတ်ပစ်မည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် ဒိုင်လူကြီးထံမှ အနီကတ်ထွက် မလာပါ။ ထိုဘောလုံးသမားဆက်ကစားပါ၏။ မည်သူကမျှဝင်ရောက် မပြောဆိုကြပါ။ မကြာမီတွင် ဒိုင်လူကြီးက သိရှိသဘောပေါက်သွား၏။ ထိုဘောလုံးသမားကို တတိယ အဝါကတ်ထုတ်ပြကာ အနီကတ်ဆက်ပြပြီး ပွဲအတွင်းမှ ထုတ်လိုက်ပါ၏။ မည်သူမှားပါသနည်း။ ဒိုင်လူကြီးမှားနေသော်လည်း မည်သူကမျှဝင်ရောက်မစွက် ဖက်ကြပါ။ ဘောလုံးပွဲပြီးသည့်အခါ ယင်းဒိုင်လူကြီးလည်း အိပ်ရာလိပ်ထမ်း၍ အင်္ဂလန်ပြန်သွားခဲ့ရပါသည်။ ဤသည်မှာ အမှန်ဖြစ်ပျက်ခဲ့ပါသည်။
ဘောလုံးပွဲ ကစားနေစဉ်တွင် ဒိုင်လူကြီးကို မည်သူမျှ ဝင်ရောက် စွက်ဖက်ပြောဆိုမှု မပြုကြသကဲ့သို့ သမိုင်းရေးဆရာနှင့် တရားသူကြီးကိုလည်း ၄င်းတို့၏အလုပ်တာဝန် များ ဆောင်ရွက်နေစဉ်အတွင်း မည်သူကမျှ ဝင်ရောက်မစွက်ဖက်ကြ သည်မှာ နိုင်ငံတကာ၏ စံပင်ဖြစ်ကြောင်းလေ့လာမှတ်သားရပါသည်။ယနေ့ နိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်နေပါသည်။ ဒီမိုကရေစီဟူသည့် စကားရပ်ကို လူတိုင်းနီးပါး ကြားဖူးကြပါမည်။ မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် လွန်စွာအပြောများသော စကားစုလည်းဖြစ်ပါ၏။ ဒီမိုကရေစီဟူသည် အဘယ်နည်း။ ဘယ်လိုပုံစံ ရှိပါသလဲ။ ဘယ်သို့သော နည်း လမ်းဖြစ်ပါသလဲ။ မေးခွန်းများ မည် သို့ရှိပါစေ အဖြေက တစ်ခုတည်း သာဖြစ်ပါသည်။ ”ဒီမိုကရေစီဟူသည် ပြည်သူကို ပြည်သူက အုပ် ချုပ်သောစနစ်”ပင် ဖြစ်ပါ၏။ ယင်းစနစ်တွင် သက်ဦးဆံပိုင်ပဒေသရာဇ် မရှိ။ အာဏာပိုင်မရှိ။ တန်ခိုးရှင်လည်း မရှိချေ။ အုပ်ချုပ်သူသည် ပြည်သူ့ ကိုယ်စား ရွေးချယ် တင်မြှောက်ခံရသူသာ ဖြစ်ပါသည်။ ၄င်းတို့တွင် ငါဟူသော အစွဲများထားလို့မရ။ အများပြည်သူ၏ ဆန္ဒကို အလေးထား ဦးစားပေးရသည်။ ”ဒီမိုကရေစီ” ကြီးစိုးသော၊ ကျင့် သုံးသော နိုင်ငံတိုင်းတွင် ပြည်သူ၏ဆန္ဒသည် အဓိကကျ၏။ အလေးထားဦးစားပေး ဖော်ဆောင်ရပါသည်။ အစိုးရဟူသည်ပြည်သူအား အလုပ်အကျွေးပြုသူ၊ ပြည်သူ က မွေးဖွား ပေးထားသူသာ ဖြစ်ပါသည်။
လွန်ခဲ့သော လပိုင်းခန့်က ဂျာနယ်တစ်ခုတွင် ပါကစ္စတန်ဝန်ကြီးချုပ်က ၄င်းအပေါ် ဆုံးဖြတ်ထားသည့် ကိစ္စတစ်ရပ်ကို တရားရုံး ချုပ်သို့ အယူခံဝင်ကြောင်း ပါရှိ ချက်အား ဖတ်ရှုခဲ့ရသည်။ ပါကစ္စ တန်သည် စစ်အုပ်ချုပ်ရေး မကင်း သော နိုင်ငံဖြစ်၏။ တစ်ဖက်တွင် ဒီမိုကရေစီကို မြေစမ်း ခရမ်းပျိုးနေ၏။ ထိုကဲ့သို့သော နိုင်ငံမျိုးမှဝန်ကြီး ချုပ်သည်ပင် တရားရုံးချုပ်၏ အမိန့်ကို နာယူလိုကြ၏။ မိမိတို့က လက်ရှိအချိန်တွင် ပါတီစုံဒီမိုကရေစီကို ကျင့်သုံးနေပါသည်။ အချို့သော အခွင့်အာဏာရှိသူများ သဘောထား မည်မျှပြောင်းလဲနေကြပါပြီလဲ။ မေးမြန်းစရာ၊ စဉ်းစားတွေးတောစရာပင် ဖြစ်ပါသည်။
ဤအချက်များကို စာရေးသူ တင်ပြနေရခြင်းမှာ အကြောင်းရှိပါသည်။ ယနေ့ နိုင်ငံတော်သည် စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတော်သစ်ကို တည်ဆောက်နေပါသည်။ နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၇ တွင် ”နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံး သည်”ဟု ဆိုကာ နိုင်ငံတော်၏ အခြေခံမူတစ်ရပ်ကို ရှင်းရှင်းပြတ် ပြတ်ပြဋ္ဌာန်းသတ်မှတ်ထားပါသည်။ ဒီမိုကရေစီကျင့်သုံးသော နိုင်ငံတိုင်း၏ အဓိကအခြေခံမှာ စည်းကမ်း ဖြစ်ပါသည်။
မြစ်ချောင်းများသည်ပင် ကမ်းရှိ မှ စီးဆင်းသလို၊ မြို့ရွာ အိုးအိမ်များ သည်လည်း စည်းရှိမှ လုံခြုံပါ၏။ ထို့အတူ လူ့ဘောင်အဖွဲ့အစည်း သည်လည်း လူမှုစည်းကမ်းကျင့် ဝတ်များဖြင့် ထိန်းချုပ်ထားပါ၏။ လူ့အဖွဲ့အစည်းအတွင်းရှိ ဆိုင်ရာ နယ်ပယ်ကဏ္ဍ အသီးသီးတွင် တာဝန်ထမ်းနေသူများသည်လည်း ဆိုင်ရာ စည်းကမ်းများ ရှိကြပါ သည်။ တိတိကျကျ သတ်မှတ်ပြဋ္ဌာန်းသည့် စည်းကမ်းများကို ပေါင်းစုသည့် အခါ ဥပဒေဟူ၍ ဖြစ်လာပါသည်။ သို့ဖြစ်ရာ သတ်မှတ်ထားသည့် ကျင့်ဝတ်နှင့် တာဝန်များကို ရွက်ဆောင်သယ် ပိုးကြရသော တာဝန်ရှိသူတိုင်းသည် ၄င်းတို့အတွက် သတ်မှတ်ထားသော စည်းမျဉ်းများ၊ စည်းကမ်းများ၊ ဥပဒေလုပ်ထုံးလုပ်နည်းများကို မလွဲ မသွေ လေးစားလိုက်နာကြရသည် မှာ သေချာသော အချက်ပင် ဖြစ်ပါ သည်။ သို့ဖြစ်ရာ နိုင်ငံတော်အတွင်းရှိ နိုင်ငံသားတိုင်းသည် မိမိတို့ကျရာနေရာမှ ကျရာတာဝန်များကို ထမ်းရွက်၍ နိုင်ငံတော်သစ်သို့ ချီတက်ကြရာတွင် စည်းကမ်းကို ရိုသေ သင့်၏။ ဥပဒေကို လိုက်နာသင့်၏။ အပြန်အလှန်နားလည်သင့်၏။ ကူညီရိုင်းပင်းသင့်၏။ အလေးထားသင့်၏။ မလိုလားအပ်သော ဝေဖန်စွက်ဖက်မှုများကို ရှောင်ရှား သင့်၏။ အခြားတစ်ဖက်တွင် မိမိကိုယ်မိမိ တာဝန်ခံသင့်၏။ တာဝန်ယူနိုင်စွမ်း လည်းရှိသင့်၏။ မိမိ၏အခွင့်အရေး နှင့်တာဝန်ကို ရှင်းလင်းစွာ သိမြင်ပြီး မှန်ကန်စွာကျင့် သုံး ဆောင်ရွက်နိုင်မှသာ ဒီမိုကရေစီလမ်းကြောင်း ဖြောင့်တန်းမည် ဖြစ်ပါသည်။
ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄ တွင် ”နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌တည်သည်”ဟု အတိအလင်းပြဆိုထားပါသည်။ သို့ဖြစ်ရာ နိုင်ငံ၏ အရေးအရာများကို တာဝန်ခံယူ ဆောင်ရွက်နေကြရသော တာဝန်ရှိ ပုဂ္ဂိုလ်များ၏ အခွင့် အာဏာများသည် ၄င်းတို့၏ ကိုယ်ပိုင် မဟုတ်နိုင်ငံသားများက ပေးအပ်ထားခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းသိမြင် လက်ခံနိုင်ကြမည်ဖြစ်ပါသည်။ အာဏာရှိသူပင် လျှင် ပြည်သူပြည်သား မဟုတ်ပါ၏လော။ တစ်နေ့ ပြည်သူ့ဘဝထဲ ပြန်သွားရမည် မဟုတ်ပါလော။ မှတ်မိပါသေးသည်။ အမေရိကန်နိုင်ငံတွင် သမ္မတကြီး ”ဂျင်မီကာတာ” သည် ၄င်း၏ သက်တမ်း ကုန်ဆုံးသည့်အခါတွင် ဇာတိမြေသို့ ပြန်သွားပြီး မူလ အလုပ်အကိုင်ဖြစ်သော လက်သမား ပြန်လုပ်ပါ၏။ ကြီးကျယ်ခမ်းနား၍ လွန်စွာမှ သြဇာ အာဏာရှိသော သမ္မတကြီးဘဝမှသည် အေးချမ်းသာယာသော ပြည်သူ့ဘဝသို့ ပြန် သွားခြင်းသာ ဖြစ်ပါသည်။ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတည်းဟူသော အာဏာ (၃) ရပ်အောက် တွင် ပြည်သူများသည် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စသည့် အရေးအရာကိစ္စအဝဝကို ဆောင်ရွက်နေကြပါသည်။ အေးချမ်းသာယာစွာဖြင့် ဆောင်ရွက်လိုကြ ပါသည်။ ပြည့်စုံကြွယ်ဝမှုတည်း ဟူသော သုခတရားကို ခံစားလို ကြပါသည်။ မျှော်လင့်တောင့်တကြ ပါသည်။ ထိုဆန္ဒများ ပြည့်ဝစေရေး အတွက် အာဏာကြီး (၃) ရပ်ကလည်း ဟန်ချက်ညီညီ ထိန်းကျောင်းကူညီမှု၊ အပြန် အလှန် လေးစားမှုရှိကြရန် အထူးလိုအပ်ပါသည်။ နိုင်ငံ တော်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၁ (က) တွင် ”နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံး ဖြာဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း တို့ပြုသည်”ဟု ပြဋ္ဌာန်းထားပါ သည်။ အပြန်အလှန်ထိန်းကျောင်း ခြင်းဟူသည် အာဏာကြီး (၃) ရပ် ၏ Check and Balance ကို ဆို လိုခြင်းဖြစ်ပါသည်။ ဝင်ရောက်စွက် ဖက်ခြင်းမဟုတ်ပါ။ မလျော်သြဇာ သုံးခြင်းကိုလည်း ခွင့်မပြုပါ။ အနိုင် အထက်ပြုမှုကိုလည်း တားမြစ်ပါ သည်။ သို့မှသာ အာဏာကြီး (၃) ရပ်သည် လွတ်လွတ်လပ်လပ် လုပ် ကိုင်ဆောင်ရွက်နိုင်မှုရှိကြပြီး အပြန် အလှန်လေးစားခြင်းနှင့်ထိန်းကျောင်း ခြင်းကို ဖော်ဆောင်နိုင်မည်ဖြစ်ပါ သည်။ အဆိုပါ Check and Balance သဘောတရား ကို အချို့အချို့သော အခွင့်အာဏာရှိသူများ ရှင်းလင်းစွာ နားလည်သဘောပေါက် သင့်ပေသည်။ ယနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပြောင်းလဲလာသော နိုင်ငံရေးစနစ်အရ သတင်းမီဒီယာသည် စတုတ္ထမဏ္ဍိုင်အဖြစ် အခြေခိုင်စ ပြုလာပေသည်။ သို့ သော် အချို့သောမီဒီယာများသည် လွတ်လပ်ခွင့်နှင့် စည်းကမ်းရှိမှုကို ခွဲခွဲခြားခြားနားလည်သဘောပေါက် သင့်ပေသည်။ လွတ်လပ်မှုသည် ပုတ်ခတ်မှု မဟုတ်ချေ။ အပြု သဘောဝေဖန်မှုသာ ဖြစ်ရမည်ကို သတိချပ်သင့်ပါသည်။ ထို့အတူ တာဝန်ရှိသူတို့ကလည်း မိမိတို့၏ တာဝန်နှင့် အခွင့်အာဏာကို ခွဲခြား သိမြင်သင့်ပါ၏။ တစ်ခါတစ်ရံ စေ တနာနှင့် ပြုမူခြင်းသည် အခြားတစ် ဖက်တွင် ဝေဒနာအမှားကို ဖြစ်စေ ပြီး အကျိုးမဲ့တတ်ပါသည်။ သူတစ် ပါး၏ အခွင့်အာဏာကိုလည်း စွက် ဖက်ရာရောက်နိုင်ပါသည်။ စဉ်းစား ချင့်ချိန်ပြီး ပြောဆိုခြင်း၊ လုပ်ဆောင် ခြင်းဖြင့် အကျိုးရှိစေလိုပါသည်။ စာရေးသူ တင်ပြလိုပါသည်။ လူတိုင်းလူတိုင်းသည် မိမိနေရာ၌ မိမိ၏ စည်းကမ်းဖြင့် နေထိုင်ပြီး သူတစ်ပါးအား ကူညီပံ့ပိုးခြင်းသည် မင်္ဂလာတရားပင်ဖြစ်ပြီး ကြီးပွားတိုး တက်ကောင်းမွန်မှုကိုဖြစ်စေပါသည်။ ဆရာဝန်ကဆေးကုပါမည်။ ဝါသနာ ပါရင်စာရေးပါမည်။ သို့သော် တရား သူကြီးတော့ မဟုတ်ပါ။ ကျောင်း ဆရာက စာသင်ပါမည်။ ရပ်ရွာ ကောင်းကျိုးသယ်ပိုးပါမည်။ အင် ဂျင်နီယာအလုပ်ကို ကျွမ်းကျင်မည် မဟုတ်ပါ။ မိမိနေရာ၊ မိမိရပ်တည် လျက်အစွမ်းကိုယ်စီ ရှိကြမည်သာ ဖြစ်ပါသည်။ သူတစ်ပါးအလုပ်ဝင် လုပ်လိုလျှင် မိမိကိုယ်ကို မိမိဦးစွာ ပထမဝမ်းစာပြည့်ဝမှုရှိရန် ကြိုးစားရပါမည်။ သူတစ်ပါးကို အလေးထား၍ မိမိကိုယ်တိုင်မှာလည်း မှန်ကန် ဖြောင့်မတ်ရပါမည်။ မှန်ကန်ပြီဆို ရာ၌လည်း အများလက်ခံသော တရားမျှတမှု၊ သာတူညီမျှရှိမှုနှင့် စိတ်စေတနာကောင်း ထားရှိမှုတို့မှာ လည်း အရေးပါလှပါသည်။ သို့မှ သာအများနှင့် ညီတူညီမျှလက်တွဲ၍ မိမိတို့ ရည်ရွယ်ရာ ပန်းတိုင်သို့ အရောက်လှမ်းနိုင်မည်ဖြစ်ပါသည်။
ခပ်သိမ်းကုန်သော လူအများသည်မိမိတို့ ကျရာနေရာ၏ တာဝန်နှင့်အခွင့်အရေးများ၊ ကျင့်ဝတ်နှင့် စည်းကမ်းများ၊ ပြောင်းလဲနေသော ခေတ်၏ အခြေအနေများ ကို ကောင်းစွာရှုမြင် သဘောပေါက်ပြီးလျှင် ငါစွဲကင်းလျက် အတ္တ-ပရ မျှတစွာဖြင့် နိုင်ငံတော်၏ အကျိုးကို အစွမ်းရှိသမျှ ထမ်းပိုးခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူအများ ရည်ရွယ်မျှော်မှန်းရာ ဒီမိုကရေစီပန်းတိုင်သို့အရောက်လှမ်း နိုင်ကြပါစေရန် ဆန္ဒပြုအပ်ပါသည်။

ဇေယျာတင့်ညို
No comments:
Post a Comment
Note: Only a member of this blog may post a comment.